Recommendations by Engageya

Home » , , » ချစ်ဦးညို အတ္ထုပ္ပတ္တိ

ချစ်ဦးညို အတ္ထုပ္ပတ္တိ


၁၉၄၇၊ ဒီဇင်ဘာ၊၃၀-တွင် ဦးရွှေဒေါင်းညို+ဒေါ်စိန်ရင်တို့မှ မန္တလေးမြို့တွင် ဖွားမြင်သည်။ မွေးချင်း ခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်း ဦးကျော်စွာဖြစ်သည်။ မန္တလေးမြို့၊နန်းတော်ရှေ့၊ မတ္တရာတိုက်၊မူလတန်းကျောင်းတွင် အခြေခံပညာသင်ယူခဲ့သည်။

၁၉၅၆-တွင် မန္တလေးမြို့၊ ၀က်စလီကျောင်းနှင့် ဘီဘီအိုအေကျောင်းများတွင် အလယ်တန်းတက်ရောက်ခဲ့ သည်။ မန္တလေး အထက(၁)မှ ဆယ်တန်းအောင်ခဲ့သည်။

၁၉၆၂-တွင် မန္တလေးတက္ကသိုလ်၌ ဥပစာဝိဇ္ဇာ(က)တန်းတက်ရောက်ခဲ့သည်။
၁၉၆၃-၈ တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၌ ဒဿနိကဗေဒဖြင့် တက်ရောက်သည်။
၁၉၆၈-တွင် ဂုဏ်ထူးသုံးဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ရသည်။ မဟာဝိဇ္ဇာဆက်လက် တက်ခဲ့သည်။

၁၉၇၀-မှစ၍ လုပ်သားများကောလိပ်၊ စစ်တွေကောလိပ်၊ ဗဟိုသမ၀ါယမသင်တန်းကျောင်းတို့တွင် နည်းပြ ဆရာအဖြစ် အမှုထမ်းသည်။
၁၉၇၅-တွင် အမှုထမ်းဘ၀ကို စွန့်လွှတ်ကာ ဇာတ်အဖွဲ့ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ၊ ကျူရှင်ဆရာ အဖြစ် ကျင်လည်ခဲ့သည်။

၁၉၇၀၊အောက်တိုဘာလထုတ် မိုးဝေစာပေမဂ္ဂဇင်းတွင် ပထမဆုံးပုံနှိပ်စာမူအဖြစ် ရန်ကုန်မြို့အလယ် ၀တ္ထုဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ မိုးဝေမဂ္ဂဇင်း၊ ရှုမ၀ရုပ်စုံမဂ္ဂဇင်းတို့တွင် ၀တ္ထု၊ဆောင်းပါး၊ ဘာသာပြန်များ ရေးသားခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထုမှာ လင်္ကာဒီပချစ်သူ(၁၉၇၇)ဖြစ်ပြီး သူ၏ အထင်ရှားဆုံးဝတ္ထုလည်း ဖြစ်ခဲ့သည်။ သူ၏ထင်ရှားသောဝတ္ထုများမှာ ချစ်သော ပါဒဧကရီ(၁၉၇၉ )။ နှင်းကေသရာချစ်တဲ့သူရဲကောင်း(၁၉၇၉)။ သုဝဏ္ဏဘူမိဝေဒနာ(၁၉၈၀)။ ခုနစ်အိမ်တန်းက မဂျမ်းဘုံ (၁၉၈၁)။ တိမ်တိမ်တွေဖုံးပါလို့ အုန်းခြိမ့်ခြိမ့်ညံ(၁၉၈၃) (၂၀၀၄)။ ရွှေတိုက်စိုး (၁၉၈၆)။ ရတနာဂီရိ အကျဉ်း သား (၁၉၈၉)။ မဏိစန္ဒာဥဒါန်း (၁၉၉၁)။ ဘဒ္ဒါ (၁၉၉၃)။ ရာဇကုမာရ (၁၉၉၄)။ ရှင်စောပု (၁၉၉၆)။ လောကဓံနှင့်လမ်းလျှောက် အတူထွက်ခြင်း (၁၉၉၉)။ သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေမယ့် စကားများ (၁၉၉၉)။

စာရေးသက် ၂၅နှစ်အတွင်း ဗုဒ္ဓယဉ်ကျေးမှုနောက်ခံဝတ္ထု ၁၄အုပ်။ သမိုင်းနောက်ခံဝတ္ထု ၁၆အုပ်။ ၀တ္ထုတို၊ ၀တ္ထုရှည်ပေါင်းချုပ် ၈အုပ်။ လူမှုရေး အတွေါ်အခေါ်ဆိုင်ရာ ၈အုပ်။ သုတေသနစာတမ်း ၅စောင် ရေးသားပြီး ထုတ်ဝေခဲ့ပြီးဖြစ်သည်။

စာပေရေးသားရင်း သဘင်မဂ္ဂဇင်းစာတည်းချုပ် (၁၉၈၃-၈၈)။ ရွှေပြည်တန်ဂျာနယ် စာတည်းချုပ် (၁၉၉၉-၂၀၀၀) အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၇-တွင် တက္ကသိုလ်ဘုန်းနိုင်၏ သူ့ကျွန်မခံပြီဝတ္ထုကို ရုပ်ရှင် ရိုက်ရာတွင် ဇာတ်ညွှန်းနှင့်အနုပညာဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ဆို၊က၊ရေး၊တီးပြိုင်ပွဲ၊ ဇာတ်သဘင်ပြိုင်ပွဲကဏ္ဍတွင် အကဲဖြတ်အဖွဲ့ခေါင်းဆောင်အဖြစ် နှစ်စဉ်တာဝန်ယူခဲ့သည်။ ၁၉၉၈-၂၀၀၂ အတွင်း စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ မလေးရှားနှင့် အမေရိကန်တို့သို့ စာပေနှင့် ယဉ်ကျေးမှု အနုပညာဆိုင်ရာလုပ်ငန်းအတွက် သွားရောက်ခဲ့သည်။

ယခုတိုင် စာပေရေးသားခြင်း၊ ဇာတ်ညွှန်းရေးခြင်း၊ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်တွင် ပညာရေးအဖွဲ့ဝင် ၊ ပြင်ပ စာစစ်မှူးနှင့် ဇာတ်သဘင်ပညာဌာန အကြံပေးအဖြစ် တာဝန်ယူလျှက်ရှိသည်။

0 comments:

Post a Comment

Another Test Footer