Recommendations by Engageya

Home » » ပန်းဆယ်မျိုး

ပန်းဆယ်မျိုး

`ပန်း´ဟူသော ဝေါဟာရ၏ မူလဘူတ အရင်းအမြစ်မှာ `ပန်´ဖြစ်ကြောင်း စာပေပညာရှင်များက ဖေါ်ထုတ်ထားကြသည်။ `ပန်´၏ အနက်အဓိပ္ပါယ်သည် ဖန်တီးသည်။ ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ ဟူ၍ သိရသည်။ အနုပညာလက်ရာတစ်ခု ဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်း ကဏ္ဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ် ဖြစ်သည် ဟုဆိုပါသည်။ “ပန်း”ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာ ပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ ခေါ်ကြောင်း အချို့ပညာရှိများက ယူဆကြသည်။သုတေသီအချို့က “ပန်”ဟု ရှေးကခေါ်ဆိုသောစကားမှာ ပညာလုပ်ငန်း ဟု အဓိပ္ပါယ်ဖြစ်ကြောင်း တိဗက်ဘာသာ၊ တရုတ်ဘာသာ၊ ချင်းဘာသာ စသည်တို့ဖြင့် ကိုးကားတင်ပြကြသည်။
ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်
  1. ပန်းပဲ
  2. ပန်းထိမ်
  3. ပန်းပု
  4. ပန်းချီ
  5. ပန်းယွန်း
  6. ပန်းပွတ်
  7. ပန်းတော့
  8. ပန်းတမော့
  9. ပန်းရန်
  10. ပန်းတဉ်း ကိုဆိုလိုသည်။
ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။
ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။
ပဲ = ပန်းပဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ)
ထိမ် = ပန်းထိမ်(ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ)
တဉ်း = ပန်းတဉ်း(ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ)
တော့ = ပန်းတော့(အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ)
ရန် = ပန်းရန်(အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ)
ပု = ပန်းပု(သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ)
မော့ = ပန်းတမော့(ကျောက်သားကို ထုဆစ်သည့်ပညာ)
ပွတ် = ပန်းပွတ်(သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ)
ချီ = ပန်းချီ(ဆေးရေး၊ ခဲရေး ရုပ်ပုံ ရေးခြယ်သည့်ပညာ)
ယွန်း = ပန်းယွန်း(သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။)
ပန်းဆယ်မျိုးသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။ ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကို ဆောင်သည်။ [၁]

ပေါ်ပေါက်လာခြင်း

ပန်းဆယ်မျိုး ပေါ်ပေါက်လာခဲ့သော အချိန်ကာလကို အချို့ပညာရှိများ ခန့်မှန်းခဲ့ကြသည်မှာ ပုဂံပြည် ကျန်စစ်မင်းကြီး လက်ထက်တွင် ဖြစ်မည်ဟု ဆိုပါသည်။ မြန်မာရာဇဝင်နှင့် ကျောက်စာဟောင်းများအရ ဆိုပါမူ အနော်ရထာမင်းစောသာလျှင် မြန်မာရာဇဝင်တွင် ဘုန်းအကြီးဆုံးဘုရင်ဖြစ်၍ အနော်ရထာမင်းလက်ထက်ကပင် ပညာသည်များ စုံလင်စွာ ရှိခဲ့သည်ဟုဆိုပါသည်။
တနည်းအားဖြင့် ဆင်ခြင်သုံးသပ်ကြည့်လျှင် အနော်ရထာမင်းလက်ထက်တွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စေတီပုထိုးများကိုသာ အများအပြားတည်ဆောက်ခဲ့သည်။ ကျန်စစ်သားလက်ထက် ရောက်လာသောအခါ၌လည်း ဂူ၊ ကျောင်း၊ တန်ဆောင်း၊ ပြာသာဒ် အဆောက်အဦများကို ဆက်လက်ဆောက်လုပ်၍ အနုပညာလုပ်ငန်းများကို အားပေးချီးမြှောက်လာခဲ့ကြောင်း တွေ့ရသည်။ သထုံပြည်မှ မနူဟာမင်းနှင့် အတူပါခဲ့သော မွန်အနုပညာသည်များ၊ အိန္ဒိယမှ လာသောအနုပညာရှင်များနှင့် ရှေးဟောင်း ပျူအဆက်အနွယ် အနုပညာရှင်တို့ စုံစုံလင်လင် ထပ်ဆင့် စုပေါင်း တီထွင်ခဲ့ကြရာ ပန်းဆယ်မျိုးဟု ခေါ်သော အနုပညာလုပ်ငန်းများသည် ထိုခေတ်ထိုအချိိန်တွင် အပြိုင်အဆိုင် တိုးတက်ပေါက်ပွားလာခဲ့သည်ဟု ယူဆရပါသည်။
ထို့ကြောင့် မြန်မာ့သုခုမ အနုပညာလုပ်ငန်းရပ်များသည် ပုဂံခေတ်မှ စတင်တိုးတက်လာသည်ဟု အကြမ်းအားဖြင့် မှန်းဆသင့်ပါသော်လည်း မြန်မာလူမျိုးဟု ထင်ထင်ရှားရှားပေါ်ပေါက်မလာမီ ပျူခေတ်ကပင် ပိသုကာ အတတ်၊ ပန်းပု၊ ပန်းပဲ၊ ပန်းတော့၊ ပန်းတမော့ စသော အတတ်ပညာများ ထွန်းကားခဲ့ကြောင်းကို သရေခေတ္တရာမြို့ဟောင်းမှ တူးဖေါ်ရရှိခဲ့သော ပျူအရိုးအိုးများ၊ ကျောက်ချပ်ရုပ်ပွားတော်ကြီးများ၊ ကျောက်အုတ်တို့ဖြင့် တည်ဆောက်ခဲ့သော ဘောဘောကြီးဘုရား၊ လေးမျက်နှာဘုရား၊ ဘုရားမာ စသော ပုထိုးကြီးများနှင့် ရွှေငွေတို့ဖြင့် ထုလုပ်ခဲ့သော ရုပ်ထုရုပ်ပွားတော်များ စသည့် အနုပညာရပ်များကို တွေ့ရှိရခြင်းဖြင့် ပျူခေတ်ကာလ အချိန်ကပင် ထိုအနုပညာရပ်များရှိပြီး ဖြစ်ကြောင်းသိရသည်။ သို့သော် ပုဂံခေတ်သို့ ရောက်ချိန်တွင် ပိုမိုတိုးတက် ကြီးပွားလာသည်ဟု ယူဆသင့်ပါသည်။
ပုဂံခေတ်တွင် မွန်လူမျိုးများနှင့် အိန္ဒိယတိုင်းသားများ ပူးပေါင်းမိကြသောကြောင့် မွန်နှင့် အိန္ဒိယယဉ်ကျေးမှုများ ရောပြွမ်း စုံလင်လာသည်ဟု မှတ်ဖွယ်ရှိပါသည်။ အင်းဝခေတ်တွင် အထူးတိုးတက်ခဲ့ကြောင်း လက်ဝဲသုန္ဒရ ဦးမြတ်စံ၏ “သာဓိနပျို့”တွင် တွေ့ရှိရပါသည်။ 

ပန်းပဲ


သံ၊ သတ္တုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်းစေကာ လိုရာပုံရရန် ပုံသွင်းထုရိုက်ရသော လုပ်ငန်းဖြစ်သည်။ မြန်မာ့သမိုင်းတလျှောက်တွင် ပန်းပဲလုပ်ငန်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာဘုရင်များ၊ စစ်သူကြီးများ၊ စစ်သားများ ကိုင်ဆောင်ရန် ဓါး၊ လှံ၊ လက်နက်များ ထုတ်လုပ်ပေးသည့် အတတ်ပညာ လုပ်ငန်းဖြစ်သည်။ ပန်းဘဲဆိုသည်မှာသံကိုမီးအားကောင်းကောင်းဖြင့်ရဲနေအောင်ဖုတ်ပြီးလိုရာပစ္စည်းများကို ထုခတ်ရ သောလုပ်ငန်းဖြစ်သည်။ ပန်းပဲတို့သည် ဓား၊ လှံ၊ ကတ်ကျေး၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူ၊ တံဇဉ်း၊ သံတူရွင်းစသည်တို့ကိုပြုလုပ်သည်။ မြန်မာ့သမိုင်းတွင် တကောင်းခေတ်မှစ၍ပန်းပဲထွန်းကားခဲ့ကြောင်း ပန်းပဲမောင်တင့်တယ် ဒဏ္ဍာရီတွင်တွေ့နိုင်သည်။

ပန်းထိမ်


ပန်းတိမ်သည် အဖိုးတန်သော ရွှေ၊ ငွေနှင့် သတ္တုစသည်တို့ဖြင့် လူတို့၏ လက်ဝတ်ရတနာ၊ အသုံးအဆောင် အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံ တို့ဖြင့် တွဲဖက်၍ ပြုလုပ်သော အတတ်ပညာဖြစ်သည်။

ပန်းပု


ပန်းပုဆိုသည်မှာ ပလတ်စတစ် သို့ မာကျောသောပစ္စည်း ကို ပုံဖော်ခြင်းဖြင့် သုံးဖက်မြင် အနုပညာပစ္စည်းဖြစ်လာရန် ဖန်တီးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကျောက်တုံး (ကျောက်သား သို့မဟုတ် စကျင်ကျောက်)၊ သတ္တု နှင့် သစ်သားတို့ကို အသုံးပြုကြသည်။ အချို့သော ပန်းပုရုပ်တို့ကို ကျောက်သားမှ တိုက်ရိုက်ဖဲ့ထုတ်ခြင်းမှ ရရှိပြီး အချို့ကိုမူ တစ်စစီတပ်ဆင်ပြီး အပူပေးခြင်း၊ ဂဟေဆော်ခြင်း၊ ပုံစံခွက်တွင် ထည့်သွင်းခြင်း သို့မဟုတ် မိုဖြင့် ပုံဖော်ခြင်းတို့မှ တဆင့် ပြုလုပ်ကြသည်။ ပန်းပု ကိုဖန်တီးသောသူကို ပန်းပုဆရာဟုခေါ်သည်။
ပန်းပုပညာတွင် အကြမ်းထည်ပစ္စည်းများကို ပုံသွင်းခြင်း ပုံစံပြောင်းလဲခြင်းပြု နိုင်သဖြင့် ပန်းပုပညာကို ပလတ်စတစ် အနုပညာဟုလည်း ခေါ်ကြသည်။ အများပြည်သူပိုင်သော နေရာတွင် များသောအားဖြင့် ရှိတတ်သည့် အနုပညာမှာ ပန်းပုပင်ဖြစ်သည်။ ပန်းပုရုပ်အများအပြားကို ပန်းခြံတွင်း၌ ခင်းကျင်းပြသထားခြင်းကို ပန်းပုဥယျာဉ်ဟု ခေါ်ကြသည်။

ပန်းချီ


ဆေးခြယ်ခြင်း (Painting) ဆိုသည်မှာ မျက်နှာပြင်တစ်ခုခု (စက္ကူ၊ ကင်းဗတ်စ၊ သစ်သား၊ မှန်) ပေါ်တွင် အရောင်ဖြင့် အသက်သွင်းခြင်းဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အနုပညာဉာဉ်ဖြင့်ဆိုရလျှင် ပန်းချီရေးခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး ပုံတူဆွဲယူခြင်း၊ ပုံဖွဲ့ယူခြင်း (Composition) များကို အနုပညာရှင်၏ အယူအဆအလိုက် ဖန်တီးမည် ဖြစ်သည်။
ပန်းချီရေးခြင်းသည် ပြင်ပလောက၌ ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင်ဖြစ်သည်။ ပန်းချီပုံသဏ္ဍန်ဖြင့် ပြန်လည်တင်ပြရာတွင် ပုံစံအမျိုးမျိုးရှိနိုင်ပါသည်။ မြန်မာ့ရှေးရိုး တစ်ကြောင်းရေးပန်းချီ မှသည် ယခုခေတ် ပို့စ်မော်ဒန် အထိဖြစ်နိုင်ပါသည်။ မြန်မာပန်းချီတွင် အခြေပြု လွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့်မင်းခမ်းမင်းနားမှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများဖြစ်ပါသည်။

ပန်းယွန်း


ဘီစီ ၁၅၇ဝ မှ ဘီစီ ၁၀၄၅ အထိ တရုတ်ပြည် မြစ်ဝါမြစ်ဝှမ်းတွင် ဘုရင်နိုင်ငံတစ်ခု တည်ထားစိုးစံခဲ့သော ရှမ်းမင်းဆက်တစ်ခုထိအောင် ယွန်းထည်သမိုင်းကို နောက်ကြောင်းပြန် ခြေရာခံနိုင်ပါသည်။ တရုတ်ပြည်ကို သူတို့ အုပ်စိုးစဉ်ကစ၍ ရှေးဟောင်းပစ္စည်း ရုပ်ကြွင်းအစအနတို့အဖြစ် အစောဆုံး နမူနာတို့မှာ သူတို့ ပထမ စတင်လုပ်ခဲ့သည့် ယွန်းထည်များမှပင် ဖြစ်ကြသည်။
ယွန်းအုပ်
ယွန်းထည်နှင့် ယွန်းလုပ်နည်းသည် အလှအပဆင်သဖို့ရော ကြာကြာထားနိုင်၊ ခံနိုင်ရည်ရှိဖို့ ပစ္စည်းတခုခု၏ မျက်နှာပြင်ကို သုတ်ဆေးတခုခုတင်သခြင်း (ဝါ) တင်သထားသည့် ပစ္စည်းဖြစ်ပါသည်။ ယွန်းဆိုသည်မှာ သဘာဝအတိုင်းရော ပြင်ဆင်ရောစပ်၍ရော ဖြစ်ပေါ်လာသည့်အစေးတမျိုးဖြစ်၍ ဗူဗောင်းသဖွယ် အခေါင်ပါ ကော်တစ်မျိုးမှ သက်ဆင်းလာသည့် ပစ္စည်းနှင့် အခြားကစ္စည်းတို့ ပေါင်းစပ်ထားသည့် အရာတစ်ခုဖြစ်ပါသည်။ မာကြောပြီး အလှဆင်ချယ်သပြီး တချိန်တည်းတွင် အစွန်းအခြစ်တို့မှလည်း အကာအကွယ် ပြုနိုင်သော မျက်နှာပြင်တစ်ခုခုအပေါ် လိမ်းသုတ်ရသည့် အမြန်လည်း သွေ့ခြောက်လွယ်သည့် ယွန်းဆေးကို ပြင်ညီတစ်ခုခုပေါ် လိမ်းသုတ်ရသည့် အမြန်လည်း သွေ့ခြောက်လွယ်သည့် ယွန်းဆေးကိုပြင်ညီတစ်ခုခုပေါ် သုတ်လိမ်းပြီးသည်နှင့် ယင်းပျစ်ပျစ်အရည်မှာ အငွေ့ပျံခါ ဗူကောင်းအစများပါ ကော်ရည်ဆန်ဆန်အရည်မှာ ခြောက်သွေ့သွားကာ ဓါတုတုန့်ပြန်ချက်များဖြင့် ယင်းပြင်ညီကို မာကျော ပြောင်ချောသည့်အဖြစ်နှင့် ကျန်ခဲ့စေပါတော့သည်။ ယွန်း၏ နှစ်ခုသော ထူးခြားချက်မှာ ယင်းသုတ်လိမ်းထားသော ပစ္စည်းတစ်ခုခုသည် အပူရှိ်န် တရှိန်ထိုးဖောက်၍ မဝင်နိုင်ခြင်းနှင့် အလားတူ အရည်နှင့် အစိုသိပ်သည်းမှု တစ်ခုခုလည်း မစိမ့်ဝင်နိုင်တော့ခြင်းဖြစ်ရာ ယင်းသည် အလွယ်တကူပင် ဆိုးဆေးတစ်ခုခုနှင့်သော်လည်းကောင်း အခြား ယင်းဆေး၏ ရှိရင်းသတ္တိတို့ကို ပိုမိုအစွမ်းပြလာစေနိုင်သည့် အခြင်းအရာတစ်ခုရှိခြင်းပင်ဖြစ်ပါသည်။
တရုတ်ယွန်းထည်တစ်ခု
ယနေ့အခေါ် ယူနမ် တချိန်က နန်ချောင်းအင်ပါယာကိုဖြတ်၍ အေဒီပထမရာစုနှစ်တွင် တချိန်က (ယနေ့မြန်မာခေါ်သည့်) ဗမာနိုင်ငံကို ယင်းယွန်းရောက်လာခဲ့ကတည်းက ယွန်းမှာ ပိုမိုသိမ်မွေ့သည့် အရည်အသွေး အနုပစ္စည်းတခုအဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့သည့် တပြိုင်တည်းပင် မြန်မာ့ရှေးရိုးစဉ်လာ အနုအလှ ပစ္စည်းပစ္စယတို့၏ ဟန်ပန်လက်ရာတမျိုး အဖြစ် မြန်မာပိုင်ဖြစ်လာခဲ့သည်။ မြန်မာ့အခေါ် ယွန်းထည်ဆိုသည်က ယူနန်လူမျိုးတို့ ဝတ်ဆင်သုံးဆောင်ရာဟူလို။ (၁၀၄၄ မှ ၁၀၇၇ထိ) ဘုရင်အနော်ရထာ စိုးစံကာလအတွင်း ထုတ်ဖော်လုပ်ဆောင်လာသည်ဟု ယုံကြည်ကြသော ယွန်းထည်လုပ်ငန်း အတတ်ပညာမှာ သထုံကို စီးနင်းအောင်မြင်ခဲ့သော ၁၀၅၇ ခုနှစ်နောက်ပိုင်း ပေါက္ကာရာမခေါ် ပုဂံပြည်နှင့် ပြည်မြို့ကား ယနေ့ဆိုလျှင် ယွန်းထည် ထုတ်လုပ်ဖြစ်မြောက်ရာ ဗဟိုချက်ဒေသတို့ ဖြစ်ကြပါသည်။ သို့ကလို ယွန်းထည်အစဉ်အလာ အခိုင်အမာရှိလာကြသည့် နောက်မြို့တော်တို့ကား မန္တလေး ကျောက္ကာနှင့် ကျိုင်းတုံ တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ၏ ယွန်းထည်အမျိုးမျိုးမှာ
  1. ကျောက္ကာထည် (ရိုးရိုးစင်းစင်းပြောင်ချောယွန်းထည်များ)
  2. ယွန်းထည်ရိုးရိုး (ဆေးသွင်းယွန်းထည်)
  3. ရွှေဇဝါးထည် (ရွှေသွင်းယွန်းထည်)
  4. သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)
  5. မှန်စီရွှေချယွန်းထည် (သလင်းမှန်ရောင်စုံနှင့်ရွှေချယွန်းထည်)
  6. မှန်ဖရာ့ သို့မဟုတ် နှီးဖရာ့ (ယွန်းချောက်ထည်)
အတိတ်က ထုပ်လုပ်ခဲ့သည့် ယွန်းထည်တို့မှာ သာမန်ထက်ထူးကဲသော နုနယ်နူးညံ့လှသည့် အရည်အသွေးများရှိ၍ နည်းပညာတစ်ခုကသာလှျင် ယွန်းချောက်ထည်နည်းကို သုံးထားပါသည်။ ဥပမာဆိုရသော် ယွန်းထည်အိုးခွက်တို့မှာ ဝါးနှင့် မြင်းမွှေးတို့ ပါဝင်ရာ မကြာခဏ မြင်းဆံဖုတ်မွှေးကိုပင် သုံးကြသေးဟု ဆိုကြသည်။ ထွက်လာသည့် အာနိသင်မှာ ယင်းယွန်းထည်သည် ဖိလှျင်မပိ၊ ချိုးလှျင်မကျိုး၊ သွင်းထားသည့် ယွန်းသားလည်း ကျေပျက်မထွက်ခြင်း ဖြစ်ပါသည်။ ယနေ့ဆိုလှျင် အခြားယွန်းထည် ခွေနည်းနှစ်နည်းလည်း ရှိပြန်သေးရာ အထင်အရှားပင် ကျော်ကြားလှျက် ဖြစ်ပါသည်။ အညံ့စား ယွန်းထည်တို့ကား အတွင်းအမာခံသစ်ထည့်ထား၍ အကောင်းစားယွန်းထည်တို့ကမှု ဝါးအတွင်းသား နန်းဆွဲကြိုးလိန်တို့သက်သက်ဖြင့် ပို၍လည်း အကြမ်းခံသည့်အပြင် သွယ်နောင်းပျော့ပျောင်းမှုလည်း ရှိကြပါသည်။
ယွန်းထည်

(က)ကျောက္ကာထည်

ကျောက္ကာထည်ယွန်းပစ္စည်းဆိုသည်တို့က ပဓါနအားဖြင့် အိမ်တွင်းသုံး အသုံးအဆောင်ပစ္စည်းများ ပါဝင်၍ ဥပမာ လင်ပန်း ခွက် ပန်းချင်း ပန်းခံ ရေခွက်နှင့် ကွမ်းအစ်များ ဖြစ်ကြ၏။ ဤရိုးရိုးယွန်းထည်မျိုးကား အဝတွင် အနက်အမှောင်ရောင်နှင့် အတွင်းသားက အနီသားဖြစ်ပါသည်။ မည်သည့်တန်ဘိုးရှိသည့် အနုပညာလက်ရာမှ ထည့်သွင်းအသုံးချထားခြင်းမရှိ။ ကျောက္ကာဆိုသည့် အမည်ကိုယ်၌က ယင်းစခဲ့သည့် ဇာတိရပ်မြေ ကျောက္ကာရွာမြေကို အကြောင်းပြုထားခြင်းဖြစ်ပါသည်။ ယင်းရွာသည် ချင်းတွင်းမြစ်ဘေး မုံရွေးမုံရွာ သလ္လာဝတီနံဘေး မဝေးလှသည့်အရပ်တွင် ရှိ၏။ ကျောက္ကာထည်တို့ကို သိပ်မများလှသည့် ဈေးနှုန်းနှင့် ရနိုင်ပါသည်။

(ခ)ယွန်းထည်

ယွန်းထည်တို့ကို တန်ဆာဆင်ရေးနှင့် အဆောင်ယောင်တို့အဖြစ် ပဓါနထုတ်လုပ်ကြသည်။ ဥပမာ ပရိဘောဂများဖြစ်၍ စားပွဲ စင် ထိုင်ခုံမှာ နမူနာပါ အိုးခွက် ပန်းချင်း ပန်းတင်ဘန်း နံရံအလှဆင် ရတနာကြုတ် သို့မဟုတ် ဘူး ရှေးစောင်းပစ္စည်း သေတ္တာ လက်သုတ်ပုဝါစည်း အဆင့်မြင့်ထမင်းဘူး ဝါးတူနှင့် လက်ကောက်တို့လည်း ပါပါသည်။ ယွန်းထည်တို့မှာ အကြီးအကျယ် အဆင်အပြင်တို့ ဖြစ်ကြလျက် ဆေးသွင်းခြယ်သမှု့တို့ကို မျက်နှာပြင်အမဲအမှောင်ပေါ်တွင် သိမ်မွေ့လှသော အရေးအကြောင်း ပုံသဏ္ဍန်ကို ကနုတ်ပန်းနှင့် အထူးအဆန်း တိရစာ္ဆန်နှင့် လူသားပုံတို့ဖြင့် ဖြည့်ဆည်းရာ၌အနီ အဝါ လိမ္မော် အပြာ အစိမ်း နှင့် အဖြူရောင်တို့ ချယ်မှုန်းကြပါသည်။
ရွှေဇဝါထည်

(ဂ)ရွှေဇဝါထည်များ

အထူးတလည်တင့်တယ်ခန်းနားဖို့တွက် အခြေခံအားဖြင့် မည်သည့်အရာဝတ္ထုမဆိုဖြစ်နိုင်သော ရွှေဇဝါယွန်းခေါ် ရွှေရေးယွန်းထည်တို့မှာ မြင်ရသမှျတို့တွင် အတူမရှိသလောက် ဖြစ်ပါသည်။ သက်ဆိုင်ရာအသီးသီးသောအရာဝတ္ထုတို့၏ ဟန်ကျပန်ကျသားသားနားနား ရေးသွင်းထားသော အရာအားလုံး ရွှေရေးယွန်းထည်တို့တွင် အပါအဝင်ဖြစ်ပါသည်။ ယင်းတို့မှာ ရွှေပြားခပ်သွင်းထားသလို စစ်စေးသုတ်ပစ္စည်းအပေါ်တွင် အထင်းသားလှပတင့်တယ် ရှုစဖွယ်ဖြစ်ကြပါသည်။ (စက္ကူမကပါးလှအောင်ခသပ်ထားသည့်ရွှေပြား) အသုံးပြုထား၍ ပြောင်မြောက်လှသည့်အနုပညာလက်ရာတို့ အသုံးပြုထားခြင်းကြောင့်ရွှေဇဝါယွန်းထည်တို့မှာ အခြားနှင့်ယှဉ်လှျင် အလွန်ဈေးကြီးတတ်ပါသည်။

(ဃ) သယိုးယွန်းထည်များ

သယိုး ဆိုသည်က ပုံသွင်းယွန်းပုံနှင့် အထည်သတ္ထုတို့ ဖြစ်၍ မည်သည့်အရာကိုမဆို သယိုးကိုင်နိုင်ပါသည်။ ထို့ကြောင့် ယွန်း ဘူးအစ်ငယ်လေး တို့မှ အစ သေတ္တာ နှင့် ပရိဘောက များအဖြစ်ထိ ယင်း သယိုယွန်းထည်ပြုလုပ်၍ရပါသည်။ အမည်ကဆိုသည့် အတိုင်း သတ္တဝါတို့၏ ပြာချ အရိုးကို သယိုးဟုခေါ်၍ ယင်းကို စပါးခွံနှင့် ရောပြီး လွှစာမှုန့်လည်းထည့် တခါတရံ နွားချေးတောင်ပါ လိုက်သေးသည့်အပြင် စစ်စည်းနှင့် သမလိုက်သည့်အခါ ချောမွေ့ပြီး လိုရာပုံသွင်း သည့် ပလာစတာခေါ် ပျော့ပြောင်းပုံလုပ်ကိုင် နိုင်သည့် အပျော့ထည်ရလာသည်နှင့် လိုအပ်သော သက်ဆိုင်သည့် ပစ္စည်း၏ စစ်ဆေးသုတ်ထားမျက်နှာ ပြင်အနှံ့ ဖုံးအုပ်ဖိသွင်းလိုက် သည်နှင့် ယင်းဆင်ယင်ခြယ်သမည့် ပစ္စည်း တို့ကလည်း ရွေးခြယ်ထားသည့် ပုံအတိုင်းဖြစ်ပေါ်လာသည်။ သွပ်သွင်းလိုက်သည့် ဖေါ်ပြပါ ပလာစတာ ကို ယွင်းသရိုးကိုကြိုက်သလောက် အထုအလုံးစသဖြင့် ရအောင်ကြိုးသဖွယ်ဖြစ်ရေး တတ်နိုင်သလောက် တငြိမ့်ငြိမ့် လှိမ့်ပေးရသည်။ သို့ကလို ယိုးသွင်းပြီးသည်နှင့် ဝတ္တုမျက်နှာပြင်ပေါ် ဝယ်အခိုင်အမာစွဲနေပြီး ဖြစ်သည့် လိုရာပုံကို အခြောက်ခံ၍ စစ်စည်းလည်း အထပ်ထပ်သုတ်ရသည်။ နောက်ဆုံးအဆင့် တွင် သွင်းထားသည့် ပုံတို့ကို ရွှေ့ချသင့်ရာချ အခြားအရောင် သွင်းသင့်ရာသွင်းပြီး လိုရာပုံရုပ်သွင်းထားသည့်အတိုင်း ထွင်းထားသည့် နှယ့် ပုံပန်းအရုပ်ဝတ္တုပစ္စည်းများဖြစ်လာပါတော့သည်။

(င) မှန်စီရွှေချယွန်းထည်။

မှန်စီရွှေချ ယွန်းထည်ကား စင်စစ် ရွှေဇဝါး နှင့် သရိုးယွန်းထည်ပစ္စည်းဖြစ်၍ ဖါလ်မှန်စကျောက်သလင်း နှင့် ခရုသင်း ပုလဲ ဘော်ကြယ်သွင်း ပစ္စည်းများပင်ဖြစ်ပါသည်။ ယင်းဝတ္တုပစ္စည်းတို့ကို အထင်အရှား အကျော် ဒေးယျ ဝတ္တုများ အဖြစ် အဆောင် အယောင်အခြယ်အသ တန်ဆာပလာ အသုံးခံစရာ သာမက ပရိဘောဂ ဘမ်းတင်ဖို့လည်းအသုံးပြုကြသည်။တဖက်၌မူ ယင်း ပစ္စည်း တို့မှာ လူ့အသုံးအဆောင်ပုံသွင်း ပစ္စည်းအဖြစ်တော့ သုံး၍မသင့်လှ တန်ဖိုးကြီးရှားပါးလင့် ကစား အခြားတဖက်တွင်မူ လက်တွေ့တခု ခုအသုံးချဖို့အတွက်လည်း အတိုင်းအတာအကန့်အသတ်လည်း ရှိပါသည်။ ယင်း ယွန်းသရိုးနှင့် မှန်စီရွှေချထားသည့် အထည်တစုံ တခုမှာ မလွဲမရှောင်သာဘဲ အရွယ်အရောင် အမျိုးမျိုး နှင့်ဖာလ်စမှန်စသတင်း ဘော်ကြယ်ခရုယင်း ပုလဲ အစအနတို့ မှုပ်သွင်းထားခြင်းကြောင့် သို့ အနုစိပ်လုပ်ဖို့မှ ညလည်းအထူးစေးကပ်လှသည့် စစ်စေးတို့ကို ပင် သုံးထားရသောကြောင့် ဖြစ်သည်။ နောက်အဆင့်တွင် မူ ရွှေပြားခပ် အချပ်တို့ကို ဖယ်လိုက်သည့်အခါ ရွှေသားရွှေထည်ပကတိလို ဖြစ်ရှိလားခြင်းဖြစ်သည်။ ဖယ်ရှားပုံလည်း ယင်းအပေါ် ရေနှင့် ဆေးချလိုက်ရုံသာဖြစ်ပါသည်။ စစ်စည်းထိရောက်ထားရာနေရာတိုင်းမှ ထိဖိထားသည့် ရွှေစတို့ မှာမယိုယွင်းအမြဲက ပလျက်ခဲ့ပါသည်။ သုံးရသည့် ပစ္စည်း နှင့် အနုလက်ပညာအရပ်ရပ်သွင်းထားအပ်သည့် အရာခြင်းခြင်း ကြောင့်ထို့အပြီး ဖြစ်ရှိခဲ့သမှျ ပစ္စညး် အလှတို့ကလည်း အလွန်အဖိုးတန် ရတနာတခုလိုဖြစ်၍ မှန်စီရွှေချယွန်းထည် ဟူသမှျမှာ စရိတ်စကကြီးလှသည်။

(စ)မှန်ဖရား

ပြကတေ့စာအဆိုက စစ်စည်စချောက်ပစ္စည်းထယ်ဖြစ်၍ မြန်မာနိုင်ငံတွင် ယင်းယွနး်ပစ္စည်း တို့ကို အထူးသဖြင့် ဗုဒ္ဓရုပ်ပွားတော်များ နှင့် စေတီပုထိုး တို့အတွက်ခြယ်သပူဇော်ရန် အသုံးပြုခြင်း ကြောင့်ယွန်းအခြောက်ထည်များဖြစ်လာရပါသည်။ယင်းအမည်ကိုယ်၌က ပစ္စည်းထုတ်လုပ်သည့်နည်းပညာနှင့် သက်ဆိုင်လှသည်မဟုတ်ပါ။ သစ်သား ခေါင်းပွပစ္စည်းမျက်နှာပြင် အပေါ်စစ်စည်းသုတ်ဖို့ မှာ(မံ) သည်ဟု မြန်မာလိုဆိုကြ၍ ဖရာ့ဆိုသည်ကတော့ (ဘုရား) ပင်ဖြစ်သည်။ နှောင်းပိုင်းအရောက်တွင် ဘုရားတစ်ဆူအတွက် ခေါင်းပါစစ်စေး သုတ်ပစ္စည်း ဖြစ်လာပါတော့သည်။ ဝါးခေါင်းပွနှီး စတို့ဖြင့်အမာခံလုပ်ထားသော ဗုဒ္ဓဆင်းတု ဘောင်ခံပစ္စည်းမှာ (နှီး) ဟုခေါ်၍ ယင်းဘုရားတို့ကို နှီးဘုရားဟုခေါ်သည်။ သို့သော် အထက်၌ဖော်ပြခဲ့သည့်အတိုင်း လက်တွေ့ကျကျနညး်ပညာ နည်းပညာဆန်ဆန်မှည့်ခေါ်နိုင်သည်က စစ်စည်းအခြောက်ခံပစ္စည်းဖြစ်သည်။ စစ်စည်းအခြောက်ခံပစ္စည်းလုပ်ဖို့မှာ လချီကြာသည့် အလုပ်စဉ်တစ်ခုဖြစ်၍ ကုန်ထုတ် ၁၂ ခု ရှိလျက် အခြေခံပစ္စည်းက လောင်းဖို့ အေးမြကြာသာသော ရာသီ လေတဖြူးဖြူး နှင့်မြူးဖို့ကလည်း လို၊ ဖုန်အမှိုက်သရိုက်ကင်းရာ အခြောက်ခန်းတို့အပြင် တကယ်အဆင့်မြင့်သည့် အနုပညာလက်ရာမြောက်ရေး အဓိကကျပါသည်။ ဘကာစုံ ပြည့်စုံပါက ထွက်လာရသည့် ရလဒ်မှာ ရိုးရိုးနှင့် မတူ အဆင့်မြင့်တင့်တယ်လှပသည့် ယွန်းထည်တခုဖြစ်ပေါ်ရရှိလာနိုင်ပါသည်။
အောက်တွင်ဆက်ဖော်ပြထားသည့်အတိုင်း ကုန်ထုတ်အလုပ်စဉ်တခုလုံးမှာ စစ်စည်းစုဆောင်းရာမှ စရာပါမည်။ စစ်စည်း ပြုလုပ်နည်းမှာ သန့်စင်၍ ရေဖယ်ရှားပြီးသား (ရပ်စ်ဝါနီစီဖီရာ) ခေါ် အရှေ့တောင်အာရှတွင် သာအတွေ့များသည်။ အစေးထွက်ချုံပင်တမျိုးမှာ အစေးများ ဖြင့်လုပ်ယူရပါသည်။ယင်းသည် သာ အာရှနိုင်ငံတို့တွင် ယွန်းလက်ရာတို့ကို အစဉ်အလာထားလုပ်ခဲ့ကြသော အခြေခံပစ္စည်း ဖြစ်ပါသည်။ သေရည်တမျိုးဖြစ်သည့် ရှယ်လက်ဆိုသည့် ပစ္စည်းမှာ ဥရောပ နှင့် အမေရိကတိုက်တို့၌ အလားတူ ယွန်းထည်းတို့အတွက် အစဉ်အလာထားသုံးစွဲကြသည်မှာ (လက်စီဖာလက်ကာ ခေါ် အကြေးခွံ ပါသည့်ပိုးကောင်ငယ်များထွက်သည့် အရည်အစေးတို့မှာ ထုတ်ယူနိုင်ရာဖြစ်ပါသည်။) ပထမအဆင့်တွင် မြန်မာနိုင်ငံတွင် ကော်ပတ်ပင်မှ ခြစ်၍ အစေးထုတ်သလို အလား တူနည်းနှင့် အပင်မှ ရယူရပါသည်။ စစ်စည်းပင် သည် ရုက္ခဗေဒအခေါ် (မှလာနိုရိုဆာ ယူစီတာတစ်ဆီမ) ရှမ်းပြည်တလွှားအရိုင်းအပေါက်များ သို့မဟုတ် စိုက်ပျိုးထားပင်တို့မှ ရယူရပါသည်။ စေးထန်းထန်းအညိုမဲ အရောင်ထွက်လာသည့် အစေးတို့မှာ လေနှင့်တွေ့သည်နှင့် ပိုခဲ၍ ခဲလာသည့် သဘောရှိသည်။
နောက် ဝါး ခေါင်းပွ သို့မဟုတ် နှီးဝတ္တုခပ်ပေါ့ပေါ့ တို့အပေါ် မြင်းမွှေးသို့မဟုတ် ဗူဗေါင်းများသည့် ပိုစားထားသလို ခပ်ပွပွသစ်ပစ္စည်းတို့ ဖြင့် အထူးအဖြင့် လုပ်ကြပါသည်။ ပဓာန ပစ္စည်း ၂ ခုအနက် ဒုတိယပစ္စည်းက အဆင့်မြင့်ရသည် ထို့ကြောင့် စရိတ်စကကြီးသည်။ ပထမ ပစ္စည်းက အဆင့်နိမ့်၍ရ၏။(အကြောင်း က ပေါပေါ ရနိုင်သည့်အပြင် သိပ်လည်း ကောင်းဖို့မလို ကိုင်တွယ်ရလည်း လွယ်ကူသည်။) ထိုနှစ်မျိုး ပေါင်းလုပ်ရသည့် အရာဝတ္တုပစ္စည်းအစုစုမှာ သိပ်မကြီးလှသည့် ဈေးနှင့် ရနိုင်လာသည်။ ပြီးမြောက်ပြီဆိုလှျင် အမြုတေအမာခံ အထည်ကြမ်းကို စစ်စည်း နှင့် ရွှံစေး ခပ်ကျဲကျဲရော စပ်ထားသမှျဖြင့် သုတ်လိမ်းရသည်။နောက်ယင်း ပထမအချောအဆင့်ထည်ကိုလေဝင်ထွက်ကောင်းခြောက်သွေ့သော်လည်း အေးမြရသည့် အခန်းတွင်တဖြည်းဖြည်း သွေ့ခြောက်သွားအောင် ၃ ရက်မှ ၄ ရက် ထိအခြောက်လှန်းရပါသည်။ အောက်ပါကုန်ထုတ်အလုပ်စဉ်တွင် အထည်ပစ္စည်းကို စစ်စည်းနှင့် ပြာထပ်ရောခါ သုတ်ရပြန်သည်။အခြားအထောက်အကူပစ္စည်းတို့ မှာအထည်ကို ကောင်းမကောင်း အဆင့်မှီမမှီ သတ်မှတ်ပေးမည့် အရေးပါရာတို့ဖြစ်ပါသည်။ အရာဝတ္တု၏မျက်နှာ၌ အနှံ့ ချောမွတ်အောင်သရသည်မှာ အထည်ခြောက်ပြိးမှဖြစ်ရ၍ သို့ကလို ချောကိုင်ဆေးသုတ်သလိုသုတ်ရခြင်းမှာ အထပ်ထပ်အကြိမ်ကြိမ် ဖြစ်ပါသည်။ သို့မှသာ အသေးအဖွဲဆုံးပုံမမှန်သမျှ ပြေပျောက်သွားဖို့ဖြစ်ပါသည်။ ယခုဆိုလျှင် အထည်မှာ အပ၌ အမည်းအထဲ၌ လည်း နည်းတူဖြစ်နေပါပြီ။ ထိုစဉ်ဆေးသွင်းဖို့ ထွင်းမလား ရွှေရေးချမလား ပန်းတို့ခြယ်သအလှဆင်မလား ဘော်ကြယ်အစ ဖလာန်မှန်သလင်း စတို့ဖြန့်ကျက်မလား သို့မဟုတ် ယင်းတို့အနက်တမျိုးထက် ၂ မျိုး ၃ မျိုး စပ်၍ပြုလုပ်မည်လား စသည့်ဆုံးဖြတ်ချက်ကို ချမှတ်ကြမြဲဖြစ်သည်။

ပန်းပွတ်


ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကို ပြုလုပ်သည့် ပညာဖြစ်သည်။ ပန်းပွတ်ပညာကို ကလပ်အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ်လုံးများ၊ ထီးဖြူ၊ ရွှေထီး လက်ရိုးလက်ကိုင်များတွင် တွေ့ ရှိနိုင်သည်။ ထို့အပြင် ပန်းပု ပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်းထည်များကို ချောမွေ့ တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရသည်

ပန်းတော့


ဂူ၊ ဘုရားများ အဝင်ပေါက်အပေါ်ရှိ မုခ်တကဲတွင် အင်္ဂတေပညာဖြင့် ပန်းခတ်၊ ပန်းလက် ရုပ်ကြွ၊ ရုပ်လုံးအမျိုးမျိုးသော ပုံသဏ္ဍန် သက်ရှိသက်မဲ့ အရုပ်များ ပြုလုပ်ပူဇော်ထားခြင်းကို ပန်းတော့ပညာ ဟုခေါ်သည်။ ဗိဿနိုး၊ သရေခေတ္တရာခေတ်ကပင် ပန်းတော့လက်ရာ ပညာများကို တွေ့ ရှိနိုင်ပါသည်။

ပန်းတမော့


ကျောက်များ၊ သဲကျောက်များ၊ စကျင်ကျောက်များကို အရုပ်သဏ္ဍန်ပေါ်အောင် ထုလုပ်သည့် ပညာရပ်ဖြစ်သည်။ အေဒီ ၂ ရာစုလောက်မှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက်မှ လက်ရာအမျိုးမျိုးကို လေ့လာတွေ့နိုင်ပါသည်။ အထင်ရှားဆုံး ပန်းတမော့ လက်ရာမှာ မင်းတုန်းမင်းလက်ထက် ကုသိုလ်တော် ဘုရားမှ ပိဋကတ်တော်များကို နောင်လား နောင်သားများ လေ့လာနိုင်ရန် စကျင်ကျောက်ပြား ရ၂၉ ချပ်ပေါ်တွင် ပါဠိဘာသာဖြင့် ထွင်းထု အက္ခရာ တင်ထားခဲ့သည်။ ပုံသည် ကုသိုလ်တော်ဘုရားဝင်းအတွင်းရှိ ပိဋကတ်တော်များထားရာ ပိဋကတ်တိုက်ပုံ ဖြစ်သည်။

ပန်းရန်


ပျူခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သော ပညာရပ်ဖြစ်သည်။ အဆောက်အဦးများ ဆောက်ရာတွင် အခြေခံဖြစ်သော အုတ်များကို အင်္ဂတေဖြင့် တွဲကပ်စေသော ပညာရပ်ဖြစ်သည်။ ပန်းရန်ပညာမရှိပါက အုတ်အဆောက်အဦးများ ဖြစ်မလာနိုင်ပါ။ ပုဂံဘုရားများကို လေ့လာခြင်းဖြင့် မြန်မာတို့၏ ပန်းရန်ပညာကို သိရှိနိုင်ပါသည်။


ပန်းတဉ်း


န်းတဉ်းဟူသည် ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့် ပညာဖြစ်သည်။ ဗဒင်းဟု ဆိုကြသော်လည်း ရေးရာတွင် ပန်းတဉ်းဟူ၍ ပန်းထည့်ပြီး တလေးတစား ခေါ်ဝေါ်သုံးစွဲကြသော ရှေးမြန်မာ လက်မှုပညာတစ်ရပ်ဖြစ်ပါသည်။ လူတို့သည် အစဦးတွင် ကျောက်လက်နက် ကိရိယာများကို ကိုယ်တိုင်ပြုလုပ်ခဲ့ကြဟန် ရှိပါသည်။ ထိုခေတ်ကို ကျောက်ခေတ်ဟု သတ်မှတ်ကြသည်။ ကြေးခေတ်၊ သံခေတ်ရောက်မှ ပန်းတဉ်းနှင့် ပန်းပဲပညာရှင် လူတန်းစားတစ်ရပ် ပေါ်ခဲ့မည်ဟု ယူဆရပါသည်။
အနောက်နိုင်ငံများတွင် ကြေး၊ သံ စသော သတ္တုပစ္စည်းများကို တိုက်စစ်၊ ခံစစ်သုံး လက်နက်များအဖြစ် ထုတ်လုပ်ခဲ့ကြသော်လည်း မြန်မာအပါအဝင် အရှေ့တိုင်းနိုင်ငံများတွင် ဘာသာရေးနှင့် သာသနိက ပစ္စည်းများကို ပိုမိုထုတ်လုပ်ခဲ့ကြဟန် ရှိသည်ဟု သုတေသီတို့က ဆိုကြသည်။ မြန်မာနိုင်ငံတွင် ကြေးသွန်းလုပ်ငန်းကို ပန်းတဉ်း (ဗဒင်း) ဟု ရှေ့မှ ‘ပန်း’ တပ်၍ တလေးတစား ခေါ်ဝေါ်ကြပါသည်။
ရှေးဟောင်း သုတေသနဌာနမှ တူးဖော်ရရှိသော ပစ္စည်းများမှာ လက်ဝတ်ရတနာ၊ ဘာသာ သာသနာနှင့် ဆိုင်သော ပစ္စည်း၊ အိုးခွက်၊ ငွေကြေး၊ ခေါင်းလောင်း၊ ဆည်းလည်း (ဆွဲလဲ)၊ နတ်ရုပ်စသည်တို့ သမိုင်းတစ်လျှောက် ပုဂံခေတ်အထိ တွေ့ရသည်ဟုဆိုပါသည်။ ပြည့်ရှင်မင်းတို့က ပန်းတဉ်းပညာရှင်တို့ကို သူကောင်းပြုသည့် အထောက်အထားများ ပုဂံကျောက်စာများတွင် တွေ့ရပါသည်။
မြန်မာတို့သည် ကမ္ဘာပေါ်တွင် မည်အောင်တီးနိုင်သည့် အကြီးဆုံးခေါင်းလောင်းကြီးကို သွန်းလုပ်နိုင်ခဲ့ကြပါသည်။ အင်္ဂလိပ် အုပ်ချုပ်ရေးအရာရှိတို့၏ အဆိုအရမင်းကွန်းခေါင်းလောင်းတော်ကြီးသည် ၈၇ တန်လေး၍ ခေါင်းလောင်းနားအချင်းမှာ ၁၆ ပေ ၃ လက်မရှိပြီး အမြင့်မှာ ၁၂ ပေ ၆ လက်မရှိသည်။ ၁၈၃၉ ခုနှစ် ငလျင်ဒဏ်ကြောင့် အောက်သို့ပြုတ်ကျခဲ့ရာ ၁၈၉၆ ခုနှစ်တွင် သံတိုင်သံပေါင်များဖြင့် ပြန်တင်ခဲ့ရကြောင်း သိရပါသည်။ မင်းကွန်းခေါင်းလောင်းထက်ကြီးသော ခေါင်းလောင်းရှိသော်လည်း အုတ်ခုံပေါ်တွင် တည်ထားသည်ဖြစ်ပြီး အသံမည်အောင်တီးခတ်၍ မရပေ။
မြန်မာတို့အတွက် ခေါင်းလောင်းကြီးငယ် ကြေးစည်သံတို့မှာ ကြည်နူးစရာဖြစ်ပါသည်။ ကျေးရွာများတွင် နံနက်ခင်း ကြေးစည်သံကြားလျှင် ရွာဦးကျောင်းမှ ကိုရင်များနှင့် ကျောင်းသားများဆွမ်းခံထွက်လာကြပြီကိုသိ၍ အိမ်ရှင်မတို့ ကြည်နူးဝမ်းမြောက်ခြင်း ဖြစ်ရသည်။ မွန်းတည့်ခေါင်းလောင်းသံ ကြားရသောအခါ မိမိတို့လှုလိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းမြတ်တို့ ဘုန်းပေးပြီးကြောင်းသိရပြီး ဝမ်းသာပီတိဖြစ်ကြရပါသည်။ ညည့်ဦးယံ ကြေးစည်သံကြားရသူတိုင်း ဘုရားဝတ်ပြုပြီးကြောင်း သိကြပြီး သာဓုသုံးကြိမ် ခေါ်ပြီး အမျှဝေကြသည်။
လေပြေလေညှင်းကလေးတိုက်ခတ်၍ ရွာဦးစေတီတော်မှ ဆည်းလည်းများ တချွင်ချွင်မည်သံကို ကြားလိုက်ရသူတိုင်း မိမိမျက်မှောက်ဘဝမှာ မည်မျှပင် ရှုပ်ထွေးပွေလီ ဖြစ်နေစေကာမူ ဘုရားသို့ အာရုံရောက်ပြီး တခဏတာမျှ ငြိမ်းချမ်းသွားကြသည်သာဖြစ်ပါသည်။ ကြေးစည်၊ ခေါင်းလောင်း၊ ဆည်းလည်းသံတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်မှသာယာလှပါသည်။ သို့ဖြစ်သောကြောင့် ပန်းတဉ်းပညာရှင်များကို ပန်းနှင့် တင်စားခြင်းမှာ အံ့ဩဖွယ်ရာမဟုတ်တော့ပါ။
ပန်းတဉ်းလုပ်ငန်းမှာ ၂ ပိုင်းရှိပါသည်။ ပထမတစ်မျိုးမှာ ကြေးသွန်းလုပ်ငန်းဖြစ်သည်။ ကြေးနီ၊ သံစသော သတ္တုများနှင့် ရောကြိုပြီး ပုံသွန်းခြင်းဖြင့် ခေါင်းလောင်း၊ ဘုရားရှင် ရုပ်ထုစသည်တို့ကို သွန်းလုပ်ကြရသည်။ ထိုသို့ သွန်းလုပ်ရာမှ ရလာသော အကြမ်းထည်ကို အချောသတ်လုပ်ကိုင်ကြရသည်။ ဒုတိယတစ်မျိုးမှာ ကြေးခတ်ခြင်းဖြစ်သည်။ ဤနည်းတွင် ကြေးနီကို အခတ်ခံနိုင်သော အဆင့်ရောက်အောင် သံ၊ သံဖြူစသော အခြားသတ္တုတို့နှင့် ရောစပ်ရသည်။ ထိုသို့ ရောစပ်ရရှိသော ကြေးကို အပူပေး၍ လိုသလို ပုံစံရအောင် အကြိမ်ကြိမ် ထုကြရသည်။ ထိုသို့ထုသည်ကို ခတ်သည်ဟု ခေါ်သည်။ ကြေးစည်၊ ဇွန်း၊ မောင်း၊ လင်းကွင်း၊ အိုး၊ ခွက် စသည်တို့ကို ခတ်ယူမှသာ ရပါသည်။ မြန်မာတီးဝိုင်းမှ ကြေးဝိုင်းရှိ ကြေးနောင်များ၊ မောင်းဆိုင်းမှ မောင်းများကို ဤ နည်းဖြင့် ခတ်ရင်း ခတ်ရင်းဖြင့် အသံညှိယူရပါသည်။ 

1 comments:

Another Test Footer