မုံရွာသား အောင်ငြိမ်းဦးသည် ငယ်စဉ်ကပင် မိခင်ဆုံးပါးသွားသဖြင့် မန္တလေး ဖောင်တော်ကြီးကျောင်း ဘုန်းတော်ကြီးတစ်ပါးက စောင့်ရှောက် ထားခဲ့ရာမှ မန္တလေးရှိ မိဘမဲ့ကျောင်းတစ်ကျောင်းသို့ ရောက်ရှိခဲ့သည်။
ထို့နောက်ကျောင်းအုပ် ဆရာမကြီးပြောစကားနှင့် စည်းကမ်းများ ကို မလိုက်နာဘဲ ကျောင်းမှထွက်ပြေးကာ ဘူတာတွင် နေထိုင်ခဲ့သည်။ ၁၅ နှစ်အရွယ် အောင်ငြိမ်းဦးမှာ ထိုအချိန်ထိ သန်သန်မာမာဖြစ်သည်။ ဘူတာတွင် ခြေသလုံးအိမ်တိုင်နေထိုင်ရင်း မီးရထားတွဲများပေါ်တွင် ကျင်လည်ကျက်စားခဲ့ရင်း တစ်နေ့တွင် ကံအကြောင်းမလှစွာ မတော် တဆမှုဖြင့် အောင်ငြိမ်းဦး၏ လက်နှစ်ဖက်မှ မီးရထားတွဲအောက်သို့ ရောက်ရှိသွားခဲ့သည်။
လက်နှစ်ဖက်မဲ့ အောင်ငြိမ်းဦးမှာ မူလက စိတ် ဓာတ်လွန်စွာကျဆင်းခဲ့သော်လည်း မိဘမဲ့ကျောင်းရှိ လက်ဝှေ့ထိုးသူ ထိန်းလင်းငွေကို စံပြအဖြစ်အားကျကာ ကျောင်းအုပ်ဆရာမကြီးထံ ခွင့်တောင်း၍ ၂၀၀၇ ခုနှစ်တွင် ရေကူးစသင်ခဲ့သည်။
လက်နှစ်ဖက်မပါဘဲ ခြေထောက်ကို အားပြုကူးခတ်၍ အောင်ငြိမ်းဦးတစ်ယောက် မသန်စွမ်း ချန်ပီယံ ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်မှစတင်ကာ ပြည်တွင်းမသန်စွမ်းအားကစားပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လာခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးတံဆိပ်များစွာကို အောင်ငြိမ်းဦး တစ်ယောက် ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသော ပါရာဂိမ်းပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ခွင်ရခဲ့ပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခုရယူ ပေးနိုင်ခဲ့သည်။
ယခုနှစ်မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ်ကျင်းပသည့် (၇) ကြိမ်မြောက်ပါရာဂိမ်းပြိုင်ပွဲတွင် လည်း ရွှေတံဆိပ်နှစ်ခု ရယူပေးလိုက်ပြန်သည်။
ယခုအခါ အောင်ငြိမ်းဦးသည် မြန်မာနိုင်ငံ၏ နိုင်ငံ့ဂုဏ်ဆောင် မသန်စွမ်းအားကစားရှင်တစ်ဦးအဖြစ် ရပ်တည်နေခဲ့ပါသည်။ လွန်ခဲ့သည့် ၁၁ နှစ်တာကာလက ဘူတာတွင် ခြေသလုံးအိမ်တိုင် နေထိုင်ပြီး ရထားတွဲများပေါ် ကျင်လည်ကျက်စားခဲ့ကာ ပတ်ဝန်းကျင်က ဆိုးသွမ်းသူဟု သတ်မှတ်ခံခဲ့ရသည့် လူငယ်လေးတစ်ဦးသည် ယနေ့ အချိန်မှာတော့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတစ်ဦးအဖြစ် ဘ၀ကို ရပ်တည်နေပါပြီ။
မသန်စွမ်းလူငယ်များကိုသာမကဘဲ လူငယ်၊ လူရွယ်ထုအတွက် ဘ၀ကို မည်သည့်အချိန်တွင်ပင်ဖြစ်စေအရှုံးမပေး၊ လက်မလျှော့ဘဲ ကြိုးစားအတုယူလိုစိတ်များဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ အောင်ငြိမ်းဦးအား 7Day News က ၂၀၁၃ ခုနှစ်အတွက် 7Day News Hero ဆုရှင် အဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချီးမြှင့်ပေးခဲ့ပါသည်။
7Day News
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>



0 comments:
Post a Comment