အလုပ်ရှာသူတော်တော်များများလုပ်လေ့လုပ်ထရှိသောအမှားကတော့
CVကိုသေသေ ချာချာပြင်ဆင်မှုမရှိခြင်း ဖြစ်ပါတယ်။ သင့်ရဲ့ CVဟာ
သင်လျှောက်ထားတဲ့အလုပ်နှင့် ပက်သက်သော ကျွမ်းကျင်မှုများပါဝင်သင့်ပါတယ်။
သင့်ရဲ့အတွေ့အကြုံတွေကိုဖော်ပြသင့်ပါတယ်။ အကယ်၍ သင်ဟာမတူညီတဲ့
အလုပ်အကိုင်များအတွက် အလုပ်လျှောက်ချင်ရင်တော့ သင်လျှောက်မဲ့
အလုပ်တိုင်းအတွက်ကိုက်ညီမည့် မတူညီသော CV များရှိသင့်ပါတယ်။
အလုပ်ရှင်အများစုကတော့ သူတို့ရဲ့လုပ်ငန်းကို စိတ်ဝင်တစားအာရုံစိုက်တဲ့
ဝန်ထမ်းများကိုသာ အလိုရှိကြပါတယ်။ထို့ကြောင့် မပြည့်မစုံသောCVတစ်စုံဖြင့်
သင့်ကိုအလုပ်ခန့်မည့်သူ၏ အာရုံစူးစိုက်မှုကို သင်ရရှိမှာမဟုတ်ပါဘူး။
(၂)သင် cover letter ကောင်းကောင်းတစ်စောင်ရေးခဲ့ခြင်းမရှိခဲ့ပါဘူး။
သင်ရဲ့အရည်အချင်းတွေ အတွေ့အကြုံတွေကို သေသေချာချာတိတိကျကျရှင်းပြဖို့
သင်cover letterတစ်စောင်ရေးသင့်ပါတယ်။ cover letter ဟာ တိုတိုနဲ့တိတိကျကျ
စေ့စေ့စပ်စပ် ဖြစ်သင့်ပါတယ်။ သင်လျှောက်ထားတဲ့အလုပ်ပေါ်စိတ်ဝင်စားမှုနဲ့
သင့်ရဲ့အရည်အချင်းတွေဟာ ထိုအလုပ်အတွက်သင့်တော်ကြောင်းကို cover letterမှာ
ဖော်ပြလို့ရပါတယ်။ အလုပ်ရှင်တော်တော်များများဟာ CVပေါင်းများစွာကို
နှံ့နှံ့စပ်စပ်ကြည့်ဖို့အချိန်မရသောကြောင့် cover letterကောင်းကောင်းတစ်စောင်ဖြင့်
သင့်အလုပ်ရှင်၏ အာရုံစူးစိုက်မှုကိုရယူနိုင်ပါတယ်။
(၃) CVတင်ပြီး နောက်ဆက်တွဲလုပ်ဆောင်မှုများမလုပ်ခြင်း
အလုပ်ရှင်အများစုဟာ မအားမလပ်သောကြောင့် သူတို့သင့်ကိုသတိထားမိစေဖို့
CVတင်ရုံနဲ့ မရပါဘူး။ သင့်CVကိုသူတို့မြင်ကြောင်းသေချာစေရန်သင်ဝီရိယရှိစွာ
ကြိုးစားသင့်ပါတယ်။CV နဲ့ cover letterကိုပို့ခြင်းသည် အင်တာဗျူးအခေါ်ခံရရန်
ကြိုးစားခြင်း ဖြစ်ကြောင်းသတိရပါ။ ဒါကြောင့်သင် CVနဲ့ cover letterပို့ပြီး
မကြာခင်မှာ သင်လျှောက်ထားသော အလုပ်ကိုဖုန်းဆက်ပြီး သင်ဟာအင်တာဗျူးအတွက်
အသင့်ရှိ ကြောင်းပြောနိုင်ပါတယ်။ သင့်ရဲ့ကျွမ်းကျင်မှုနဲ့ သင့်ရဲ့အတွေ့အကြုံတွေကို
ယဉ်ယဉ်ကျေးကျေး နဲ့ အချိန်အနည်းအတွင်း ဖုန်းထဲမှာပြောပြနိုင်ရန် ကြိုတင်ပြင်ဆင်ထားပါ။
သင့်ကိုအင်တာဗျူးခေါ်ပြီး အသေးစိတ်အချက်အလက်များ ထပ်ဆွေးနွေးချင်စိတ်ပေါ်လာအောင်ပြောပါ။
(၄) အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုနည်းခြင်း
အလုပ်ရှာသူတော်တော်များများဟာ အင်တာဗျူးအခေါ်ခံရတဲ့အထိအောင်မြင်ပြီးမှ
အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချင်းကြောင့် အင်တာဗျူးအခန်းထဲရောက်မှ
အလုပ်အခန့်မခံရခြင်း ဖြစ်တတ်ပါတယ်။ မိမိအလုပ်လျှောက်သော companyအကြောင်းမသိခြင်း၊
အလုပ်အကြောင်းမသိခြင်း၊ အလုပ်အတွက်လိုအပ်ချက်များကို မသိခြင်း၊
အင်တာဗျူးယေဘူယျမေးခွန်းများကိုမဖြေနိုင်ခြင်း စသောအခက်အခဲများကြောင့်
အလုပ်ခန့်ခြင်းမခံရခြင်း များပါတယ်။ သင်အလုပ်လျှောက်ထားသော company အကြောင်းကို
သိအောင်သေချာစုံစမ်းပြီး အင်တာဗျူးမှာအကောင်းဆုံးဖြေနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။
(၅) အင်တာဗျူးမှာ မသင့်တော်သောအ၀တ်အစားဝတ်ဆင်မိခြင်း
“လူမှာအ၀တ် တောင်းမှာအကွပ်”ဆိုသောဆိုရိုးနှင့်အညီ လူတစ်ယောက်၏ သိက္ခာအတွက်
ပထမဆုံးအလုပ်ရှင်နှင့်တွေ့သော အင်တာဗျူးမှာ အ၀တ်အစားက အရမ်းအရေးကြီးပါတယ်။
ထသွားထလာပေါ့ပေါ့ပါးပါးအ၀တ်အစားဝတ်ဆင်ခြင်း၊ အင်တာဗျူးအတွက်မသင့်တော်သော
အ၀တ်အစားဝတ်ဆင်ခြင်းက သင့်ရဲ့အလုပ်အပေါ်မလေးစားရာကျပါတယ်။
တင်းကျပ်သောအ၀တ်အစားများ၊ ထသွားထလာအ၀တ်အစားများ၊
မျက်စိနောက်စရာ အ၀တ်အစားများ၊ မိတ်ကပ်အလွန်အကျွံ အသုံးပြုခြင်း
( မိန်းကလေးများအတွက်) များ ရှောင်ရှားသင့်ပါတယ်။
(၆) အင်တာဗျူးအတွင်း ပညာတတ်မဆန်သောအပြုအမူများ
အင်တာဗျူး၏ရည်ရွယ်ချက်မှာ သင်သည် အလုပ်အတွက်သင့်တော်၊ မသင့်တော်
သင့်အလုပ်ရှင်ကခေါ်ယူစစ်ဆေးခြင်းဖြစ်ပါတယ်။ အင်တာဗျူးမှာ မပြုလုပ်သင့်တဲ့အပြုအမူများကို
ပြုမူသော ၀န်ထမ်းတစ်ယောက်ကို မည်သည့်အလုပ်ရှင်ကမှခန့်မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့
အင်တာဗျူးကိုနောက်ကျမှရောက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ရန်လိုပြီးပညာတတ်
မဆန်သောကိုယ်အမူအရာ နှုတ်အမူအရာများ ပြုမူခြင်း၊ မိမိ CVအကြောင်းကိုပင်သေချာမသိခြင်း၊
အင်တာဗျူးမေးသူကို အရမ်းရင်းနှီးသောအမူ အရာဖြင့်ဆက်ဆံခြင်း၊ မိမိအကြောင်းများကို
ရှည်လျားစွာပြောပြခြင်း၊ ချဲ့ကားပြောခြင်း၊ သင့်၏လုပ်ခဲ့ဖူးသောအလုပ်များအကြောင်းလိမ်ညာခြင်း
စသောအမူအရာများကြောင့် သင့်ကိုအလုပ်ခန့်ဖို့အခွင့်အရေးလျော့ကျသွားနိုင်ပါတယ်။
အကယ်၍သင်သည် အင်တာ ဗျူးဖြေဆိုဖူးခြင်းမရှိပါက အင်တာဗျူးတွင့်ပြုသင့်သောအမူအရာများ
ဆောင်ရန် ရှောင်ရန်များကို လေ့လာထားသင့်ပါတယ်။
(၇) ကုမ္ပဏီအကြောင်းစိတ်ဝင်စားမှုနည်းခြင်း
အလုပ်ရှာသူအများစုသည် မိမိအလုပ်လျှောက်ထားသော ကုမ္ပဏီအကြောင်းကို
အင်တာဗျူးခေါ်သည်အထိတိုင်အောင် မလေ့လာထားကြပါဘူး။ အလုပ်ရှင်အများစုသည်
အလုပ်ကို စိတ်ဝင်စားသူ၊ စိတ်အားထက်သန်သူ၊ ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကို
ဂုဏ်ယူစွာဖြင့်ဝတ်ဆင်မည့် ၀န်ထမ်းများကိုသာ အလိုရှိကြပါတယ်။ သင့်ရဲ့စိတ်ဝင်စားမှုကို
အင်တာဗျူးခန်းထဲတွင် သင်ကြိုတင်ပြင်ဆင်ထားသည့်သင့်တော်သော မေးခွန်းအချို့မေးခြင်းဖြင့်
ဖော်ပြနိုင်ပါတယ်။ သင်လုပ်ရမည့်အလုပ်နှင့် ပက်သက်ပြီး မနှစ်သက်ခြင်း တစ်စုံတစ်ရာရှိခဲ့သော်
အင်တာဗျူးတွင် မပြောသင့်ပါ။ သင်အလုပ်ရဖို့ကိုသာ အင်တာဗျူးမှာ အာရုံစိုက်သင့်ပါတယ်။
(၈) သင့်ရဲ့တန်ဖိုးကိုဖော်ပြရာတွင် မရှင်းလင်းမထိရောက်ခြင်း
သင့်၏တန်ဖိုးကိုသင်ကိုယ်တိုင်မှမယုံကြည်လျှင် သင့်အလုပ်ရှင်ကသင့်ကိုယုံကြည်ဖို့ပိုခက်ခဲပါလိမ့်မယ်။
သင့်၏ အရင်အလုပ်အကြောင်း၊ သင့်၏ ပင်ကိုယ်အရည်အသွေးအကြောင်း၊ သင့်၏အရည်အချင်းများ၊
ကျွမ်းကျင်မှုများနှင့် ယခုသင်လျှောက်ထားသောအလုပ်နှင့် မည်သို့ပက်သက်နေကြောင်းကို
ရှင်းရှင်းလင်းလင်းထိထိရောက်ရောက်ပြောပါ။ သင့်ကိုသင်အလုပ်ခန့်ခြင်းခံပြီးသောသူတစ်ယောက်ကဲ့သို့
သတ်မှတ်ပြီး အလုပ်အတွက် သင်မည်သို့မည်မျှစွမ်းဆောင်နိုင်ကြောင်း၊ကုမ္ပဏီအတွက်သင်ဟာ
မည်သို့အသုံးဝင် နိုင်ကြောင်း၊ သင့်ကိုသင်ယုံကြည်မှုအပြည့်နဲ့ ထိထိရောက်ရောက် ပြောဆိုနိုင်ပါက
သင့်အလုပ်ရှင်၏ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။
(၉) အင်တာဗျူးပြီး နောက်ဆက်တွဲလုပ်ဆောင်မှုများမလုပ်ခြင်း
အလုပ်လျှောက်သူအများစုဟာ အင်တာဗျူးဖြေပြီးရင် ပြီးသွားပြီ ထင်တတ်ကြပါတယ်။
တစ်ချို့သောကုမ္ပဏီများအတွက်မှန်ကောင်းမှန်ပေမဲ့ တစ်ချို့သောကုမ္ပဏီများ ကတော့ သင့်ရဲ့
“ဖြစ်လာမှတုံပြန်ခြင်းထက်အခြေအနေကိုဖန်တီးတတ်ယူတတ်သော စွမ်းရည်”ကိုသိချင်သောကြောင့်
သင့်ကိုရက်အနည်းငယ်အတွင်းဆက်သွယ်မှာမဟုတ်ပါဘူး။ သင့်ကိုအကြောင်းမကြားခဲ့သော်
သင်ကစဆက်သွယ်ပြီး စုံစမ်းသင့်ပါတယ်။ အင်တာဗျူးပြီးပြီးချင်းမှာလဲ အင်တာဗျူးသူကို
ကျေးဇူးတင်ကြောင်း စာပို့ခြင်းဖြင့် သင်သည် အလုပ်ပေါ်မှာစိတ်ဝင်စား သောသူဖြစ်ကြောင်းပြသနိုင်ပါတယ်။
(၁၀) သင်၏ ယခင်အလုပ်မှ ထောက်ခံချက်ကိုသေချာမပြင်ဆင်ခဲ့ခြင်း
သင် ယခင်လုပ်ဖူးသော နေရာတစ်ုခုခုမှ ထောက်ခံချက်ကို မဆင်မခြင်မပေးမိပါစေနဲ့။
အဘယ့်ကြောင့်ဆိုသော် အလုပ်ရှာသူအများစုသည် အင်တာဗျူးအဆင့်အထိ ရောက်ပြီးမှ
ယခင် အလုပ်ရှင်၏ မကျေမနပ်အပျက်သဘော ဆောင်သော တုံ့ပြန်ချက်များကြောင့်
အလုပ်ရရန် အခွင့်အရေး လွဲသွားကြပါတယ်။ အကယ်၍ သင့်ကို ထောက်ခံမည့်သူမှ
စာဖြင့်ရေးသားထားသော ထောက်ခံချက်ရှိပါက ပိုမိုသင့်တော်ပါသည်။ သင့်အနေဖြင့်
သင့်ကိုထောက်ခံသူ၏သဘောထားကို သူ၏ထောက်ခံချက်စာရွက်ကို ကြည့်ခြင်းဖြင့်
ရှင်းရှင်းလင်းလင်းသိနိုင်ပါသည်။ သင်လျှောက်သော အလုပ်တွင် ထောက်ခံချက်ပေးသောအခါတွင်လည်း
ယုံယုံကြည်ကြည်ပေးနိုင်ပါသည်။
အားလုံးအလုပ်အကိုင်အလန်းတွေရကြပါစေ။
မိုးရှင်း (I.M.T)
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာစာအုပ်ဆိုင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment